International News

ရှမ်းကျိုးစီရင်စုနယ်မြေ၏ အကြီးအကဲက ဒေသထွက်လိမ္မော်သီးများကို အွန်လိုင်းပေါ်မှ အရောင်းမြှင့်တင်ပေး

Last Updated:

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်ပိုင်း၊ ရှမ်းကျိုးစီရင်စုမှ အကြီးအကဲက ကူးစက်ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း ၎င်းဒေသမှ  လယ်သမားများကို ကူညီပံ့ပိုးပေးသောအားဖြင့် Pinduoduo e-commerce platformပေါ်မှ တိုက်ရိုက်ရုပ်သံလွှင့်ကာ ဒေသထွက်လိမ္မော်သီးများကို ရောင်းချပေးခဲ့ပါသည်။

၎င်းအွန်လိုင်းပေါ်မှတိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှမ်းကျိုးစီရင်စု၏ ခေတ္တအကြီးအကဲ Wei Taoက လိမ္မော်သီးများအား အပင်ပေါ်မှ ကိုယ်တိုင်ခူးဆွတ်ပြ၍ အွန်လိုင်း ပေါ်မှ ဝယ်ယူသူများအားရောင်းချခဲ့ကာ (၂) နာရီအတွင်း ကီလို (၅) သောင်းရောင်းချခဲ့ရကြောင်း သိရပါသည်။

စီရင်စုအကြီးအကဲ၏ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုအား ဝင်ရောက်ကြည့်ရှုသူပေါင်း  (၂) သိန်းနီးပါးရှိခဲ့ကာ နှစ်ခြိုက်သည်ဟု မှတ်ချက်ပြုခဲ့ကြပါသည်။  ရှန်းကျိုး စီရင်စုတွင် လိမ္မော်သီးစိုက်ပျိုးသည့် စုစုပေါင်းနယ်မြေမှာ (၂၃၃၃.၃) ဟက်တာကျော်လွန်ပြီဖြစ်ပြီး ၊ လယ်သမားများအတွက် နှစ်စဉ်ဝင်ငွေ ယွမ်သန်း(၁၀၀)ခန့် ဖန်တီးပေးလျက်ရှိကြောင်း၊ ၎င်းမှာ ရွာသူရွာသားများအား ဆင်းရဲတွင်းမှ လွတ်မြောက်စေရန်နှင့် ဝင်ငွေတိုးမြင့်လာစေရန် အရေးအပါဆုံးနည်းလမ်းဖြစ်ကြောင်း Wei က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံတွင် ကူးစက်ရောဂါပိုးမှကုသကာကွယ်စောင့်ရှောက်မှုများ အောင်မြင်မှု ရရှိလာချိန်၊ အွန်လိုင်းပြင်ပလောကမှ လက်ကားလုပ်ငန်းများ ပြန်လည်စတင်ရန် စီစဉ် ဆောင်ရွက်နေသော်လည်း သစ်သီးဝလံများ အမှည့်လွန်လာကြသဖြင့် လယ်သမားများမှာ ဖိအားများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အစိုးရကလည်းမှာယူမှုများကို လွယ်ကူစွာပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် တီထွင်ဆန်းသစ်ထားသော အရောင်းမြှင့်တင်မှု များကို စူးစမ်းရှာဖွေ ဆောင်ရွက်ပေးခြင်းကဲ့သို့သော စီမံဆောင်ရွက်မှုအမျိုးမျိုးကို ဆောင်ရွက်လျက်ရှိပါသည်။

ပြည်နယ်အစိုးရက ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် Pinduoduoနှင့် ပူးပေါင်း ဆောင်ရွက်လျက် လယ်ယာစိုက်ပျိုးရေးကုန်စည်များကို တရုတ်နိုင်ငံတဝှမ်းရှိ မြို့ပြ များမှ စားသုံးသူများထံ အရောင်းမြှင့်တင်၍ လယ်သမားများအား ကူညီပေးရန် Pinduoduo၏ appပေါ်၌ တိုက်ရိုက်ရုပ်သံလွှင့်၍ ရောင်းချနိုင်ရေးအထူး ဝန်ဆောင်မှု ပေးခဲ့ရာ၊ လယ်သမားပေါင်း (၈၀၀) တို့က ပါဝင်ခဲ့ကြပါသည်။

ကိုရိုနာကူးစက်ရောဂါဖြစ်လာသည့်ကာလတွင် e-commerce platformမှာ လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများကို ဝယ်ယူရန် စားသုံးသူများအတွက် ယေဘုယျ အကျဆုံးနည်းလမ်းဖြစ်လာပါသည်။ ယခုနှစ်တွင် Pinduoduoနှင့် ပူးပေါင်းဆောင်ရွက်မှုမှ တဆင့်စီရင်စုမှ လိမ္မော်သီးထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ကို ရောင်းချနိုင် မည်ဟု ခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Daily (၂၅-၂-၂၀၂၀)

Category: International News